တအာင်းထိန်းချုပ်နယ်မြေသို့ စစ်ကောင်စီ နေ့စဉ်နီးပါး ဗုံးကြဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်နှင့် သီပေါမြို့နယ်တို့တွင် နှစ်ဖက်တိုက်ပွဲများ ပြန်လည်ပြင်ထန်းနေပြီး စစ်ကောင်စီက လေကြောင်းဖြင့် နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်မှုများကို လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ ဒေသအတွင်းသို့ ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်၊ နေ့လည် ၁၂ အချိန်တွင် ဂျက်ဖိုက်တာဖြင့် ၃ ကြိမ်တိုင် ဖျက်အားပြင်းသည့် ပေါင် ၅၀၀ ဗုံး အပါအဝင် ဗုံး ၁၁ လုံး ကြဲချတိုက်ခိုက်ခဲ့သလို လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက် လုပ်ဆောင်ခဲ့သည်ဟု TNLA က ထုတ်ပြန် ပြောဆိုသည်။

Photo- TNLA

အဆိုပါ ဖြစ်စဉ်နှင့် အလားတူ နောင်ချိုမြိုနယ်အတွင်း စက်တင်ဘာ ၁၉ ရက် နံနက် ၃ ဝန်းကျင်အချိန် စစ်ကောင်စီ က Y-Y12 လေယာဥ်ဖြင့် ဗုံးအလုံး ၆၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ပြီး နောင်ချိုမြို ဘူတာရုံ၊ ဓမ္မာရုံ အနောက်ဘက်၊ ငှက်ပျော်ခြံနှင့် မြို့မဈေးအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ နေအိမ်များနှင့် ဆိုင်ခန်းများ ထိခိုက်ပျက်စီးခဲ့ရသည်။

“လက်ရှိမှာတော့ အဲ့ဒီဘက်ကဗုံးကြဲတိုက်ခိုက်မှုမှာ သေဆုံးစာရင်း ရှိမရှိတော့ မသိသေးဘူး။ တိုက်ပွဲကပြန်ပြီး တော့ ပြင်းထန်လာတယ်။ ဒေသခံတွေအနေနဲ့က စစ်ဘေးတိမ်းရှောင်မဲ့နေရာ အများစုက ရေတွေကြီးနေတော့ တော်တော်လေး ဒုက္ခရောက်နေရတယ်” ဟု ကွတ်ခိုင်မြို့နေ့ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

Photo- TNLA

စစ်ကောင်စီတပ်အနေဖြင့် ယခုလို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA ထိန်း ချုပ်ထားသည့် ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့် နမ့်ခမ်းမြို့များတွင် အရပ် သားပစ်မှတ်များကို ဦးတည်၍ နေ့စဥ် ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုများ လုပ်ဆောင် လျက်ရှိကြောင်း TNLA က ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

လက်ရှိ မြန်မာနိုင်ငံအနှံ့ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိနေသော်လည်း ဩဂုတ် ၂၇ ရက်မှစ၍ စက်တင်ဘာ ၆ ရက်နေ့ထိ ရှမ်း၊ ကယား (ကရင်နီ)၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ မြို့ရွာများသို့ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှု ၁၁ ကြိမ်ပြုလုပ်ခဲ့ပြီး လူအယောက် ၄၀ ဦးကျော် သေဆုံးခဲ့သည်ဟု စက်တင် ဘာ ၇ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *