ရေဘေးသင့် ပြည်သူ ၅ သိန်းအတွက် တစ်လစာ စားနပ်ရိက္ခာများ WFP တိုက်ရိုက်ဖြန့်ဝေမည်

ရာဂီ မုန်တိုင်းကြောင့် ရေကြီးမှုဖြစ်ပွားခဲ့သည့် ပြည်နယ် ၄ ခုနှင့် တိုင်းဒေသကြီး ၃ ခုရှိ ရေဘေးသင့် ပြည်သူ ၅ သိန်းအတွက် တစ်လစာ စားနပ်ရိက္ခာများကို ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့-WFP က တိုက်ရိုက်ဖြန့်ဝေ သွားမည်ဟု စက်တင်ဘာ ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

စူပါတိုက်ဖွန်း မုန်တိုင်း ‘ရာဂီ’ ကြောင့် စက်တင်ဘာလ လယ်ပိုင်းတွင် ကရင်၊ ကယား၊ မွန်နှင့် ရှမ်းပြည်နယ်၊ မန္တလေး၊ မကွေး၊ ပဲခူးနှင့် နေပြည်တော်တို့တွင် ရေဘေးသင့် ပြည်သူ ၆၃၁,၀၀၀ ခန့်ရှိခဲ့သည်ဟု WFP ကပြော သည်။ ရေဘေးသင့်များထဲမှ ပြည်သူ ငါးသိန်းခန့်အတွက် ဆန်၊ အားဖြည့် ဘီစကစ်များနှင့် အာဟာရ အထောက် အပံ့တို့ ပါဝင်သည့် တစ်လစာ စားနပ်ရိက္ခာများကို WFP က တိုက်ရိုက်ဖြန့်ဝေ ထောက်ပံ့ပေး မည်ဟု သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

WFP အနေဖြင့် ရေဘေးသင့်ပြည်သူများကို စားနပ်ရိက္ခာများ ပို့ဆောင်ပေးဝေရာတွင် မည်သည့်အာဏာပိုင်များ၊ မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်မည်မဟုတ်ဘဲ ဒေသခံအဖွဲ့အစည်းများ၊ ရပ်ရွာ လူထုလူမှုအသိုင်းအဝိုင်းများဖြင့်သာ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဥ် မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Paolo Mattei က ကေအိုင်စီသို့ ပြောဆိုသည်။

“ဒီလိုရေကြီးနေတဲ့ဒေသတွေထံ ကျနော်တို့ လက်လှမ်းမီ သွားရောက်နိုင်မှု အနေအထားရယ် ကျနော်တို့မှာ ရှိထားတဲ့ အရင်းအမြစ်တွေအပေါ် အခြေခံပြီးတော့မှ ကျနော်တို့ WFP အနေနဲ့ ရေဘေးတုံ့ပြန်မှုလုပ်ငန်းကို စီစဉ် နေတာရှိပါတယ်။ လက်လှမ်းမီသွားရောက်နိုင်ရေးနဲ့ သယ်ယူပို့ဆောင်ရေးမှာ စိန်ခေါ်မှုတွေ ရှိနိုင်ပေမယ့် ကျနော်တို့ WFP အနေနဲ့ လိုအပ်နေတဲ့ နေရာတိုင်းက လိုအပ်နေသူတွေတိုင်းဆီ တတ်နိုင်သမျှ သွားရောက်ကူညီပေးနိုင်ဖို့ ကျနော်တို့ ကတိကဝတ်ပြုထားပါတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် WFP ဝန်ထမ်းအဖွဲ့များက ရေဘေးသက်ရောက်ခဲ့သည့် ဒေသများတွင် သီးနှံစိုက်ပျိုးရေး၊ အသက်မွေး ကျောင်းလုပ်ငန်းများနှင့် စားနပ်ရိက္ခာ အခြေအနေများကိုပါ အကဲဖြတ်လေ့လာနေသည်ဟု WFP ထုတ်ပြန် ချက်တွင် ပြောဆိုထားသည်။

ယခုရေဘေးမကြုံတွေ့မီ ဩဂုတ်လ ကတည်းက မြန်မာနိုင်ငံတွင် ပြသည်သူ ၁၃ သန်းကျော် စားနပ်ရိက္ခာမလုံ လောက်မှုကို ကြုံတွေ့ နေရပြီး ယခုလိုတိုးပွားလာသည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် WFP ဝန်ထမ်းများ က အချိန်နှင့် တပြေးညီ လုပ်ဆောင်သွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်က ဆက်ပြောသည်။

ထို့အပြင် ယခု ရေဘေးမတိုင်ခင်ကတည်းက WFP အနေဖြင့် ပြီးခဲ့သည့် ဇူလိုင်၊ ဩဂုတ်လအတွင်းက ရေဘေးသင့် ပြည်သူ ၁၈၅,၀၀၀ ခန့်အား စားနပ်ရိက္ခာအထောက်အပံ့များ ပေးအပ်ခဲ့သေးသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *