မုန်းမြို့နယ်ရေဘေး ကူညီရေးအဖွဲ့များကို တားမြစ်အကြမ်းဖက်မှုအပေါ် ရှုတ်ချ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ မူး(မုန်း) မြို့နယ်ရှိ ရေဘေးသင့် ကျေးရွာများသို့ ကူညီကယ်ဆယ်ရေးပြုလုပ်ရန် လာရောက်သည့် လူမှုပရဟိတ အဖွဲ့များကို စစ်ကောင်စီက ဟန့်တားအကြမ်းဖက်မှု ပြုလုပ်နေသည့်ပေါ် ပြင်းထန်စွာ ရှုတ်ချသည်ဟု မုန်းမြို့နယ် ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီက စက်တင်ဘာ ၂၀ ရက်တွင် ထုတ်ပြန် ပြောသည်။

စစ်တောင်းမြစ်‌ရေလျှံမှုကြောင့် မုန်းမြို့နယ်အတွင်း ကျေးရွာပေါင်း ၁၀၀ ကျော်ရှိ လူဦးရေ ၅၀,၀၀၀ သောင်းနီးပါး ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်နေ့မှစ၍ ရေဘေးအန္တရာယ် ကြုံတွေ့ခဲ့ရသည်။

ထိုသို့ ရေဘေးကြုံနေရသည့်အတွက် အကူအညီပေးရန် ရောက်ရှိလာသည့် လူမှုပရဟိတအဖွဲ့များကို စစ်ကောင်စီက တားဆီးခြိမ်းခြောက်ခြင်း၊ ပစ္စည်းသိမ်းယူခြင်းနှင့် လက်နက်ကြီးဖြင့် လိုက်လံပစ်ခတ် ခြင်းတို့ကြောင့် အကူအညီ အချိန်မီမပေးနိုင် ဖြစ်ခဲ့ရသည်ဟု လူမှုကူညီကယ်ဆယ် ရေးလုပ်ဆောင် သူများထံမှ သိရသည်။

“နေရာ‌ဒေသကတော့ မုန်းမြို့နယ် စစ်တောင်းအနောက်ဘက်ခြမ်း ကညွှတ်ကွင်းအခြေစိုက် ခမရ-၄၃၉ ကနေ တားတာပါ။ ရေကြီးမှုစဖြစ်တဲ့နောက်ပိုင်း ကူညီ‌ရေးတွေလာရင် ကုန်အခြောက်တွေ သယ်တာ လက်မခံတော့ဘူး တားတယ်။ ပစ္စည်းသိမ်းတယ်။ တခြားလမ်းနဲ့ သွားရင်လည်း လက်နက် ကြီးနဲ့ လှမ်းပစ်တာတွေ လုပ်တယ်။ ဒီလို တားမြစ်တဲ့အပေါ် အလှူပစ္စည်းတွေ အချိန်မီ မရောက်ပဲ တချို့ အစားအစာအစိုတွေ စားမရ၊ ပျက်စီးကုန်ပါတယ်” ဟု မြို့နယ် ကယ်ဆယ်ရေးကော်မတီ အဖွဲ့ဝင် တစ်ဦးက ပြောသည်။

Photo: CJ

ကော်မတီအနေဖြင့် ဆိုင်ရာကျေးရွာတာဝန်ရှိအဖွဲ့များနှင့်ပူးပေါင်း၍ ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းစဥ်များ ကြိုးပမ်းဆောင်ရွက်ပေးနေသော်လည်း လူသားချင်း စာနာမှုအကူအညီများစွာ လိုအပ်နေသလို ပြည်တွင်းပြည်ပ လူမှုအဖွဲ့အစည်းများက ပံ့ပိုးကူညီ ပေးကြရန် ထုတ်ပြန်ချက်၌ ထည့်သွင်းတောင်းဆိုထားသည်။

အဆိုပါ မုန်းမြို့နယ်ပါဝင်သည့် ကေအဲန်ယူ ညောင်လေးပင်ခရိုင်သည် အာဏာသိမ်း ပြီးနောက် စစ်ကောင်စီနှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ အများဆုံးဖြစ်ပွားရာ နယ်မြေတစ်ခုဖြစ်သလို KNU ခရိုင် (၇)ခု အတွင်း စစ်ဘေးရှောင်အများဆုံးရှိသည့် ခရိုင်တစ်ခုလည်း ဖြစ်သည်။

၎င်းအပြင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကတည်းက စစ်တပ်က စစ်ရေးအရ ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားမှုကြောင့် ယခုလို သဘာဝဘေးအန္တရာယ် ဖြစ်ပွားသည့်အချိန် အကူအညီ တောင်းခံချိန်တွင် အခက်အခဲများစွာ တွေ့ကြုံရသလို ကယ်ဆယ်ရေးနှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

စက်တင်ဘာလ ဒုတိယအပတ်မှစတင်၍ ရာဂီမုန်တိုင်းအရှိန်ကြောင့် ပဲခူးတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ထက်ဝက်ကျော် ရေဘေးအန္တရာယ်ကြုံတွေ့နေရပြီး မိုးကြီးရေလျှံ၊ မြေပြိုမှု ဆိုးရွားသော ဒေသများတွင် စားနပ်ရိက္ခာနှင့် ပြန်လည်ထူထောင်ရေး အကူအညီများ ဆက်လက်လိုအပ်လျက်ရှိကြောင်း နယ်မြေအခြေစိုက် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *