လူသားချင်းစာနာမှုအကူအညီအတွက် နယ်စပ်ဖြတ်ကျော်ခွင့်ပြုရေး အိမ်နီးချင်းနိုင်ငံများတွင် တာဝန်ရှိဟု SAC-M ပြော

နိုင်ငံတကာ လူသားချင်းစာနာမှုအကူအညီများအတွက် မြန်မာနိုင်ငံနယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်ခွင့်ပြုရေးသည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအိုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် တာဝန်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က စက်တင်ဘာလ(၁၇)ရက်နေ့တွင် ထုတ်ပြန်ပြောဆိုသည်။

ယခုလအစောပိုင်းက ဖြစ်ပေါ်သည့် ယာဂိမုန်တိုင်းအရှိန်ကြောင့် ကရင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ တိုင်းနှင့်ပြည်နယ်ထက်ဝက်ကျော် ရေဘေးအန္တရာယ်ကြုံတွေ့ရပြီး အရေးပေါ်လူသားချင်း စာနာမှုအကူအညီများ လိုအပ်လျက်ရှိသည်နှင့်စပ်လျဥ်း၍ SAC-M က ထိုသို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

နိုင်ငံပိုင်မီဒီယာများ၏ အစီရင်ခံပြောဆိုမှုအရ မုန်တိုင်းနောက်ဆက်တွဲကြောင့် လူဦးရေ ၃ သိန်းကျော် ရေဘေးသင့်ခဲ့ရသည့်အခြေအနေတွင် မြန်မာ့အိမ်နီးချင်းနိုင်ငံများအနေဖြင့် နိုင်ငံရေးဘေးချ၍ မြန်မာ့ တော်လှန်ရေးအစုအဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများ၏ချိတ်ဆက်မှုမှတဆင့် လူထုထံသို့ နိုင်ငံတကာ လူသားချင်းစာနာမှုအကူအညီရောက်ရှိရေး နယ်စပ်ဖြတ်ကျော်ခွင့်ပြုရန် SAC-M က ဆိုသည်။

“နယ်စပ်ဖြတ်‌ကျော်မှုအကူအညီကတော့ထိရောက်တယ်။ စစ်ဘေးရှောင်တွေက ERO‌ ဧရိယာတွေမှာပဲ ရှိနေတယ်ဆိုရင် ကျနော်တို့ နယ်စပ်ကနေပဲ ထိထိ‌ရောက်ရောက်သွားနိုင်ပြီး အနှောင့် အယှက်လည်းနည်းတယ်။ ဗမာပြည်ကြီးကနေဖြတ်လာမယ်ဆိုရင် သူ့ရဲ့ငွေ‌ကြေး အခြေအ‌နေနဲ့ ဘဏ်စနစ်တွေက လုံးဝအဆင်မပြေဘူး။ ဒီတော့ အကောင်းဆုံး၊ အထိ ရောက်ဆုံးက နယ်စပ်ဖြတ် ကျော်ကူညီတာပဲ။” ဟု ပြည်တွင်း‌နေရပ်စွန့်ခွာရသူ ကရင်ပြည်သူများကော်မတီ(CIDKP) ပြောခွင့်ရ စောခဲလေက ပြောသည်။

ထို့အပြင် စစ်အာဏာသိမ်းမှုမှအစပြု၍ တော်လှန်ရေးကာလ (၄)နှစ်နီးပါးအတွင်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲမှုအပါအဝင် လက်နက်ကြီးတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လာသောကြောင့် လူထုအသက် ဆုံးရှုံးမှုသာမက လူဦးရေ(၃)သန်းခန့် နေရပ်စွန့်ခွာနေကြရသော်လည်း စစ်ကောင်စီက လူသားချင်း စာနာမှုအကူအညီများကို တားဆီးပိတ်ပင်ထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းအခြေအနေတွင် လတ်တလောဖြစ်ပွားခဲ့သည့် ယာဂိမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုကို ခန့်မှန်းရ ခက်ခဲသော်လည်း မြန်မာနိုင်ငံ၏လူသားချင်းစာနာမှုအကြပ်အတည်းကပ်ဘေးကို ပိုမို ဆိုးရွားလာစေသဖြင့် နိုင်ငံတကာအကူအညီများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

ထို့ကြောင့် နိုင်ငံတကာ လူသားချင်းစာနာမှုအရေး လှုပ်ရှားဆောင်ရွက်သူများအနေဖြင့် နယ်မြေ ထိန်းချုပ်မှုအား ပိုကောင်းနေသော မြန်မာတော်လှန်ရေးအင်အားစုများ၊ လူသားချင်းစာ နာမှုအထောက် အပံ့များ ပေးအပ်ရာတွင် ၎င်းနယ်မြေအတွေ့အကြုံရှိပြီးသော အရပ်ဖက်အဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် ပံ့ပိုးကူညီနိုင်မည်ဟု SAC-M က ပြောသည်။

အလှူရှင်များအနေဖြင့် အမှန်တကယ်အကူအညီလိုအပ်နေသည့် ပြည်သူများအတွက် ထိရောက် မှုရှိရန်နှင့် တရားမဝင် စစ်ကောင်စီအတွက် အထောက်အပံ့မဖြစ်စေရေး အထူးသတိပြုဆောင်ရွက် ရမည်ဖြစ်သလို မြန်မာနိုင်ငံအနှံ့ လူသားစာနာအကူအညီများ ဝင်ရောက်နိုင်ခွင့်ကို ကြိုးပမ်းရှာ ဖွေသွားရမည်ဖြစ်ကြောင်း SAC-M က ထောက်ပြထားသည်။

ထို့အတူ မြန်မာ့အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း လတ်တလောဖြစ် ပေါ်နေသည့် သဘာဝဘေးအန္တရာယ်အပေါ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား အမြတ်ထုတ်ခွင့် မပြုရေး မြန်မာပြည်သူလူထုနှင့်စည်းလုံးညီညွတ်စွာ လုပ်ဆောင်ရမည်ဟု ဆိုသည်။

“နောက်တစ်ခုက စစ်တပ်က အာဆီယံနဲ့ တွေ့တာဖြစ်စေ အများကြီးဖော်ပြပြီးတော့ နိုင်ငံတကာနဲ့အဆက်သွယ်ရှိကြောင်း အကျယ်တဝင့်ဖော်ပြတယ်။ သူတို့ကိုယ်သူတို့ တရားဝင်မှုရ တယ်ဆိုတဲ့ပုံစံမျိုးနဲ့ လူမှုကယ်ဆယ်ရေးအပေါ် အမြတ်ထုတ်တာကိုတော့ ကျနော်တို့ အနေနဲ့ သဘောမကျဘူး။” ဟု (CIDKP) ပြောခွင့်ရ စောခဲလေက ပြောသည်။

ယခု စက်တင်ဘာလအစောပိုင်းက မုန်တိုင်းကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီ ဘက်က လူဦးရေ ၃ သိန်းကျော် ရေဘေးသင့်ခဲ့ရကြောင်း ဖော်ပြထားသော်လည်း တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ၏စာရင်းပြုစုချက်အရ ရေဘေးအတွင်း လူထောင်နှင့်ချီသေဆုံးပြီး လူဦးရေ ၇ သိန်းခန့် ရေဘေးသင့်ခဲ့ရသည်ဟု ဖော်ပြထားသည်။

၎င်းတို့အတွက် အရေးပေါ် အကူအညီ များစွာလိုအပ်နေသော်လည်း နိုင်ငံတကာမှအကူအညီပေးရာတွင် စစ်ကောင်စီ၏ နိုင်ငံရေး၊ စစ်ရေးအမြတ်ထုတ်မခံရရန် အထူးသတိပြုဆောင်ရွက်ရမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP၊ ချင်းအမျိုးသားတပ်ဦး-CNF တို့ပါဝင်သော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ K2C နှင့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG တို့ကလည်း ယမန်နေ့က သတိပေးထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *