ဖားအံမြို့ရေကြီးမှုတွင် ကလေးတစ်ဦးအပါအဝင် ဒေသခံ(၂)ဦး သေဆုံးခဲ့

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ဖားအံမြို့ပေါ်ရပ်ကွက်များ၌ ပြီးခဲ့သည့်ရက်ပိုင်းက သံလွင်မြစ်ရေလျှံတက်၍ ရေဖုံးလွှမ်းမှုဖြစ်ပွားခဲ့ရာတွင် အမည်မသိ အသက်(၁၄)နှစ်အရွယ် ကလေးငယ်(၁)ဦးနှင့် အမျိုးသား(၁)ဦးရေစီး ကြောင်းထဲမျှောပါသေဆုံးခဲ့ရကြောင်း မြို့ခံကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

သေဆုံးသူနှစ်ဦးအနက် ကလေးငယ်၏ရုပ်အလောင်းအား ဖားအံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ မိသားစုဝင်များ သိရှိနိုင်ရေးအတွက်လည်း အသိပေးထားသလို ရေနစ်သေဆုံးသွားသည့် အမျိုးသားရုပ်အလောင်းကိုမူ ရှာဖွေတွေ့ရှိရခြင်းမရှိသေးကြောင်း ဖားအံမြို့တွင်း မြေပြင်ကယ်ဆယ်ရေး ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

၎င်းက “ရေစကျတဲ့နေ့ကတော့ ကျနော်တို့ကို (၂) ယောက် ပျောက်တယ်လို့ အကြောင်းကြားထားတယ်ပေါ့နော်။ ရေစီးကြောင်းနဲ့ မျှောပါသွားတာလို့ သိရတယ်။ စက်တင်ဘာ (၁၅) ရက်နေ့က လှိုင်းပုံရွာအနောက်ဘက်မှာ တစ်လောင်း ပြန်ပေါ်တာ။ အဲဒီ Dead Body (ရုပ်အလောင်း)ကိုတော့ ရင်ခွဲရုံကို ပို့ထားပေးတယ်။ သူတို့မိသားစုတွေ ဆက်သွယ်လာလိမ့်မယ်လို့တော့ ထင်တာပဲ။ အမျိုးသားအလောင်းတော့ ပြန်မတွေ့သေးဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ယမန်နေ့ကအထိ သံလွင်မြစ်ရေ အနည်းငယ်ပြန်ကျလာ၍ ဖားအံမြို့တွင်းရှိ အချို့သောရပ်ကွက်မှ နေအိမ်နှင့် လမ်းများ ရေပြန်ပေါ်နေပြီဖြစ်သော်လည်း မြစ်ကမ်းအနီး၊ မြေနိမ့်ပိုင်းရပ်ကွက်များတွင်မှု ရေနစ်မြှုပ်နေ သေးသည့်အပြင် မြစ်ရေ၏စိုးရိမ်ရေမှတ်နှင့်အထက်တွင် ဆက်လက်တည်ရှိနေကြောင်း ဖားအံမြို့ခံသတင်းအရင်းအမြစ်က ဆိုသည်။

ထို့ကြောင့် ဖားအံမြို့ပေါ်မှရေဘေးသင့်ပြည်သူများအား ဖွင့်လှစ်ထားသော ရေဘေးကယ် ဆယ်ရေး စခန်းများတွင်သာ ဆက်လက်ထားရှိ၍ နေအိမ်မပြန်ခိုင်းသေးသလို ၎င်းတို့၏ စားနပ်ရိက္ခာအတွက်ကိုလည်း လူမှုကူညီရေးအဖွဲ့များ၊ ပြင်ပအလှူရှင်များက ကူညီထောက်ပံ့ပေးနေကြောင်း ကယ်ဆယ်ရေးအဖွဲ့များ၏ ပြောပြချက်အရ သိရသည်။

သံလွင်မြစ်ရေ မြင့်တက်မှုကြောင့်‌ ဖားအံမြို့ပေါ်သာမက မြို့နယ်အတွင်းရှိ သံလွင်မြစ်ကမ်းတစ်လျှောက်မှ ကျေးရွာများတွင်လည်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရပြီး ရေဘေးသင့်ပြည်သူ (၉,၀၀၀) ကျော်ရှိလာရာ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း (၂၂)ခု ဖွင့်လှစ်ထားရသည်ဟု မြို့ခံသတင်းအရင်းအမြစ်တို့က ဆိုသည်။

စစ်ကောင်စီဘက်ကမူ ၎င်းတို့လက်အောက်ခံ ကရင်ပြည်နယ်အစိုးရအဖွဲ့ဦးဆောင်၍ ရေဘေး သင့်ပြည်သူများအတွက် စားနပ်ရိက္ခာပေးအပ်လှူဒါန်းမှုများ ပြုလုပ်လျက်ရှိသလို ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ဆောင်ပေးနေသည်ဟု နိုင်ငံပိုင်မီဒီယာမှတဆင့် ထုတ်ပြန်ပြောဆိုထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *