လေးကေကော်အမြောက်ကုန်းတိုက်ပွဲတွင် လေကြောင်းအပြန်အလှန်တိုက်ခိုက်မှု နေ့စဉ်ဖြစ်ပွားနေ

မြဝတီမြို့တောင်ဘက်လေးကေကော်မြို့သစ်အနီးရှိ စစ်ကောင်စီ စွယ်တော်အမြောက်ကုန်းစခန်း တိုက်ပွဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား လေကြောင်းဖြင့် အပြန်အလှန်တိုက်ခိုက်မှု နေ့စဉ်ဖြစ်ပွားနေကြောင်း မြေပြင်သတင်းအရင်းအမြစ်များ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လမှစတင်ပြီး KNLA မဟာမိတ်ပူးပေါင်းတပ်များ စစ်ကောင်စီအမြောက်ကုန်းကို ပိတ်ဆို့ တိုက်ခိုက်နေသည်မှာ တစ်လကျော် ကြာမြင့်လာပြီး စက်တင်ဘာလ ၁၃ ရက်မှ ၁၅ ရက်နေ့အတွင်း စစ်ကောင်စီဘက်က နေ့ရောညပါ စစ်စခန်းမကျစေရေးလေကြောင်း တိုက်ခိုက်မှုဖြင့် အပြင်းအထန် ခုခံကာကွယ်နေသည်ဟု KNLA မဟာမိတ်ပူးပေါင်းအဖွဲ့များဘက်က ပြောသည်။

စစ်မြေပြင်သတင်းအရင်းအမြစ်တစ်ခုက“စစ်တပ်က Y12 နဲ့ရော ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ရော ဗုံးကြဲ တယ်။ စစ်တပ်ဘက်ကို ဒရုန်းနဲ့ ဗုံးချတယ်။ တပ်ကုန်းကတုတ်တွေဘန်ကာ‌တွေ ကာကင်းမြောင်းတွေပေါ်ကို ကျတာမှာ စစ်တပ်ဘက်ကလည်း စခန်းကုန်းထဲမှာ သေတာထိထားတာတွေရှိနေတယ်။ တိုက်ပွဲက ဆက်ဖြစ်နေတော့ အတိအကျတော့ပြောလို့ မရသေးဘူး။”ဟု ပြောသည်။

အဆိုပါ လေကြောင်းအပြန်အလှန်တိုက်ခိုက်မှုအတွင်း နှစ်ဘက်ထိခိုက်ကျဆုံးမှုရှိသည်ဟု မြေပြင် စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။ သို့သော်အမြောက်ကုန်းစစ်စခန်း တိုက်ပွဲအခြေအနေနှင့် နှစ်ဖက်ထိခိုက်ကျဆုံးနေသည့်အခြေအနေကို စစ်ကောင်စီသတင်းပြန်ကြားရေးနှင့် KNLA မဟာမိတ်ပူး ပေါင်းတပ်ဖွဲ့များဘက်က ထုတ်ပြန်ကြေညာထားခြင်းမျိုးမရှိသေးပေ။

“ အမြောက်ကုန်းတိုက်ပွဲက နေ့တိုင်းပစ်သံကြားနရတယ်။ ပြီးခဲ့တဲ့ ၃ ရက်ကဆို သောင်ရင်းမြစ်ရေကြီးနေတယ်။ မိုးကလည်းဆက်တိုက်ရွာနေတယ်။ မိုးရွာကြီးထဲလည်း ဗုံးကြဲနေတယ်။ ရွာသားကတော့ ပလော့တပို့ရယ်၊ အင်ကြင်းမြိုင်၊ မင်းလက်ပံ၊ မယ်ထော်သလေး ဘက်ဘုန်းကြီး ကျောင်းတွေမှာရှောင်အိပ်၊ ရှောင်‌နေနေရတယ်” ဟု လေးကေကော်မြို့သစ်အနီးရှိ မယ်ဝါးခီးရွာသားစစ်ရှောင်နေရသူက ပြောသည်။

ထို့အပြင် ကျုံဒိုး၊ တောင်ကြာအင်း၊ အောက်ဘိုတဲ၊ အာရှလမ်းသစ်၊ ဒေါနတောင်လမ်းဟောင်း နေရာဘက်တွင် လည်း KNLA မဟာမိတ်ပူးပေါင်းတပ်များနှင့် စစ်ကောင်စီအောင်ဇေယျစစ်ကြောင်း၊ စစ်ကူစစ်ကြောင်း၊ စစ်ကောင်စီတပ်နှင့်ပူးပေါင်းထားသည့် DKBA ဗိုလ်ဘိအဖွဲ့၊ နယ်ခြားစောင့်တပ်မှ BGF ဗိုလ်သံလုံး၊ ဗိုလ်မြလှိုင်အဖွဲ့များနှင့် တိုက်ပွဲများနေ့စဉ် ဖြစ်ပွားမှုဆက်ရှိနေကြောင်း စစ်ရေးနယ်မြေသတင်းအရင်းအမြစ်များထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *